လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ထားမိရင် ကိုယ့်အမည်နဲ့ ပုံစံ (၇) ရအောင် ဘယ်လိုလုပ်မလဲ
လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ထားမိလို့ ကိုယ့်အမည်နဲ့ ပုံစံ ၇ ရအောင် ဘယ်လိုလုပ်ရမလဲ၊ ပုံစံ ၇ ထုတ်မရဘူးလို့လဲ ပြောနေပါတယ်။ဘယ်လိုလုပ်ရမလဲလို့ မေးလာပါတယ်။
ဒါနဲ့ပတ်သက်လို့ မြေပြင်လက်ရှိ အခြေအနေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
၁။ ၂၀၁၂ မတိုင်မီ ဝယ်ယူထားပြီး စိုက်ပျိုးရေးအတွက်သာ သုံးနေတဲ့မြေ။
၂။ ၂၀၁၂ နောက်ပိုင်းမှဝယ်ယူထားပြီး စိုက်ပျိုးရေးအတွက်ပဲ သုံးနေတဲ့မြေ။
၃။ ဘယ်အချိန်ကပဲဝယ်ဝယ်၊ဝယ်ယူထားတဲ့မြေကို စိုက်ပျိုးရေးအတွက်သုံးနေတာမဟုတ်ပဲ အခြားနည်းသုံးနေတဲ့မြေ(အိမ် ၊ အဆောက်အဦးစသည်ဖြင့်သုံး)
နံပတ် (၁) နဲ့ နံပတ် (၂) လိုကိစ္စမျိုးမှာ ပုံစံ ၇ မရသေးတဲ့လယ်ယာမြေ၊ တနည်းအား ဖြင့် ပုံစံ ၇ မလျှောက်ထားရသေးတဲ့ လယ်ယာမြေကို ဝယ်ယူထားတဲ့သူတွေ အနေနဲ့ သိရှိရမှာက
(က) ဝယ်ထားတဲ့မြေဟာလယ်ယာမြေအဖြစ် သတ်မှတ်ထားတဲ့ မြေအမျိုးအစားနှင့် ထိုမြေကိုကွင်းတိုင်းတာ မြေပုံထုတ်ပြီးတဲ့မြေ ဖြစ်နေဖို့လိုပါတယ်။
ဆိုလိုတာကဝယ်ယူထားတဲ့မြေက လယ်ယာမြေ အမျိုးအစား ဖြစ်ရမယ်အခြားသောမြေရိုင်း၊စားကျက်မြေ စသည်ဖြင့် မဟုတ်ရဘူး။မြေစာရင်းဌာနမှာမြေပုံ မြေတိုင်းလုပ်ပြီးရှိနေတဲ့ မြေမှတ်တမ်းရှိရပါမယ်။
(ခ) ထိုမြေကို လက်ရောက်လွှဲပြောင်းရယူထားပြီး လက်ရှိလက်ငုတ်အဖြစ်လုပ်ကိုင်နေသူ ဖြစ်ရပါမယ်။ ဝယ်ပြီးထဲက မြေကိုလက်ရောက်ယူပြီးတဲ့မြေ၊ လက်ရှိလည်းစိုက်ပျိုးနေသူ ဖြစ်ရမယ်။
ဒီနှစ်ချက် ပြည့်စုံမှသာ လယ်ယာမြေဥပဒေ ပုဒ်မ ၆၊ (က)(၁ နဲ့ ၂)ပါပြဌာန်းချက်အရလက်ရှိလုပ်ကိုင်နေသူအဖြစ် လျှောက် ထားခွင့် ရရှိမှာဖြစ်ပါတယ်။
၂၀၁၂ မတိုင်မီ ဝယ်ယူထားပြီး စိုက်ပျိုးရေးအတွက်သာ သုံးနေတဲ့မြေဆိုရင်တော့ လျောက်ရတာပိုလွယ်ကူနိုင်ပါတယ်။
ဥပဒေမှာဆိုထားတာက “ပုဒ်မ ၆။ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည်ဤဥပဒေအာဏာတည်သည့်နေ့ရက်တွင် တည်ရှိနေသောလယ်ယာမြေများနှင့်
စပ်လျဉ်း၍အောက်ပါလူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအား သက်ဆိုင်ရာခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ သဘောတူ ညီချက်ဖြင့် မြို့နယ်ဦးစီးဌာနရုံးတွင်
သတ်မှတ်ချက်များနှင့်အညီမှတ်ပုံတင်ကြေး ပေးဆောင်စေ၍ မှတ်ပုံတင်ပြီးလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးရမည်-
(က) လူပုဂ္ဂိုလ်ဖြစ်ပါက-
(၁) လယ်ယာမြေကိုအသုံးပြုခွင့်ရရှိထားသောထိုအိမ်ထောင်စုသည်တောင်သူ လယ်သမား အိမ်ထောင်သားစု သို့မဟုတ် အိမ်ထောင်သားစုဝင် ဖြစ်ရမည်။
(၂) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်သားစုအကြီးအကဲသို့မဟုတ်ထိုအိမ်ထောင်သားစုတွင် ပါဝင်သူတစ်ဦး သို့မဟုတ်
အုပ်ထိန်းသူသည်ဤဥပဒေပြဋ္ဌာန်းအတည်မပြုမီတည်ဆဲမြေယာ ဥပဒေများနှင့်အညီတရားဝင်လက်ရှိ လက်ငုတ် လုပ်ကိုင်နေသူ ဖြစ်ရမည်။” လို့ ဆိုထားပါတယ်။
၂၀၁၂ ဥပဒေ ပြဌာန်းပြီးမှဝယ်ယူခဲ့ရင်လည်း လက်ရှိလက်ငုတ် လုပ်နေသူ၊ မြေအငြင်းပွားမနေသူ၊ ကန့်ကွက်လွှာခေါ်ချိန်မှာကန့်ကွက်ခြင်းမရှိသူဆိုရင် လုပ်ပိုင်ခွင့်ရနိုင်ပါတယ်။
ကာယကံရှင်အနေနဲ့ ရပ်ကျေး လယ်စီထံမှ ပုံစံ (၁) တောင်းခံ ဖြည့်သွင်းပြီး ရပ်ကျေးလယ်စီမှတဆင့် မြို့နယ်ဦးစီးဌာနသို့ လျှောက်ထားနိုင်ပါတယ်။
မြေပေါ်အမှန် လုပ်ကိုင်နေသူဖြစ်ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် လယ်နီးချင်း သက်သေ ၂ ဦးရဲ့ ထောက်ခံချက် ပါရှိရပါမယ်။
ဒီလို လျှောက်ထားမှုကိုရပ်ကျေး လယ်စီနဲ့ မြေစာရင်းဌာနမှ ကန့်ကွက်လွှာခေါ်ယူခြင်း စိစစ်ခြင်းများ ဆောင်ရွက်ပြီးရင် အမှုတွဲကိုလုပ်ပိုင်ခွင့်ပေးဖို့ သင့်မသင့် သဘောထားမှတ်ချက်နှင့်အတူ မြို့နယ်လယ်စီကိုတင်ပြပေးပါမည်။ မြို့နယ်လယ်စီမှာဆက်လက်စိစစ်ပြီး သဘောထားမှတ်ချက်နှင့်အတူ ခရိုင်လယ်စီသို့ တင်ပြပါမည်။
ခရိုင်လယ်စီက အမှုတွဲလက်ခံ ရရှိတဲ့အခါ ထပ်မံ စိစစ်ပြီး လျှောက်ထားမှုကို ခွင့်ပြုကြောင်းသို့မဟုတ်ငြင်းပါယ်ကြောင်းဆုံးဖြတ်ပြီး မြို့နယ်မြေစာရင်းဌာနသို့ အကြောင်းကြားပါမယ်။
မြို့နယ်မြေစာရင်းဌာနကခရိုင်လယ်စီမှလုပ်ပိုင်ခွင့်ပြုကြောင်း အကြောင်းကြားစာ ရရှိရင်လျှောက်ထားသူကို မှတ်ပုံတင်ကြေး ၅၀ဝိ ပေးသွင်းခြင်း၊
မှတ်ပုံတင်စာရင်း ပုံစံ ၅ တွင်မှတ်တမ်းတင်ခြင်းများ ဆောင် ရွက်ပြီး မြို့နယ်လယ်စီသို့တင်ပြ၍ လယ်ယာမြေ လုပ်ပိုင် ခွင့်ပြုလက်မှတ်ပုံစံ ၇ ထုတ်ပေးမှာ ဖြစ်ပါတယ်။
ဒီလိုနည်းနဲ့နံပတ် (၁) အချက်နဲ့ နံပတ် (၂) အချက်ပါ လယ်ယာမြေကို လုပ် ပိုင်ခွင့် ပုံစံ ၇ ရနိုင်ပါမယ်။
နံပတ် ၃ အချက်ပါ ဝယ်ယူထားတဲ့မြေက လယ်ယာမြေအမျိုးအစားတော့ ဖြစ်တယ်၊မြေကို စိုက်ပျိုးရေးအတွက် သုံးနေတာမဟုတ်ပဲအခြားနည်းသုံး(အိမ် ၊ အဆောက်အဦး စသည်ဖြင့်သုံး)နေတယ်ဆိုရင်တော့ ပုံစံ ၇ ရမှာထုတ်ပေးမှာမဟုတ်ပါဘူး။
ဒီမြေကလယ်ယာမြေတော့ဟုတ်တယ် သို့သော် စိုက်ပျိုးရေးအတွက် မသုံးဘူး ဆိုတာမျိုး ဖြစ်နေတာပါ။
ဒီလိုအခြေအနေမှာတော့ လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ ၇ လျောက်ထားခြင်းထက် လယ်ယာမြေကိုအခြားနည်းသုံးစွဲခွင့် လယ ၃၀ လျောက်ထားခြင်းကိုသာ
တိုက်ရိုက်တင်ပြသင့်ပါတယ်။လယ်ယာမြေ နည်းဥပဒေအရ အခြားနည်းသုံးစွဲခွင့်ပြုရာမှာ ပုံစံ ၇ မရခဲ့ရင် ဘာကြောင့် မရခဲ့သလဲဆိုတာကို သက်ဆိုင်ရာက စီစစ်ကြပါတယ်။
လက်ရှိမြေအသုံးချထားမှု အခြေအနေ၊အခြားနည်းသုံးမှု၊ ဘယ်အချိန်ထဲက သုံးနေတာ စသည်ဖြင့် စစ်ဆေးတွေ့ရှိရင် အခြားနည်းသုံးဖို့ လယ-၃၀ ခွင့်ပြုနိုင်ပါတယ်။ကူးယူဖော်ပြပါသည်။
Credit – ဥပဒေရေးရာ