ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဂုဏ်ကို မြှင်တင်ခဲ့သော ကမ္ဘာလှည့် တင်တင်စိန် ကွယ်လွန်
လွန်ခဲ့သောနှစ်ပေါင်း ၆၀ က အာရှတွင် ပထမဆုံးအဖြစ် BSA မော်တော်ဆိုင်ကယ်ဖြင့် မြန်မာနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ မိုင်ပေါင်း ငါးသောင်းကျော် တစ်နှစ်ကြာ စွန့်စားခရီးသွား ကမ္ဘာပတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဂုဏ်ကို မြှင်တင်ခဲ့သော ကမ္ဘာလှည့် တင်တင်စိန်သည် ဇူလိုင်လ ၂၉ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် သီလရှင်ဘဝဖြင့် တိမ်းပါး ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

အသက် ၁၈ နှစ်မှာ ဆိုင်ကယ်စီးပြီး ကမ္ဘာပတ်ခဲ့တဲ့ မြန်မာ့အမျိုးသမီး မတင်တင်စိန်ရဲ့အကြောင်းကို ဗဟုသုတရစေရန်ဖော်ပြပေးလိုက်ပါတယ်
အသက် ၁၈ နှစ်မှာ ဆိုင်ကယ်စီးပြီး ကမ္ဘာပတ်ခဲ့တဲ့ မြန်မာ့အမျိုးသမီး မတင်တင်စိန်ဟာ ဆယ်တန်းကို ဘာသာစုံဂုဏ်ထူး ခုံနံပါတ် ၁ (သရက်မြို့နယ်)နဲ့ အောင်မြင်ခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ သရက်မြို့ရဲ့ မယ်လည်း ဖြစ်ခဲ့သူပါ။လွန်ခဲ့တဲ့ ၆၃ နှစ် ၁၉၅၅ ခုနှစ်ကာလမှာ အသက် ၁၈ နှစ်အရွယ် မြန်မာအမျိုးသမီးလေးဟာ သူ့အမျိုးသားနဲ့အတူ ဆိုင်ကယ်တစ်စီးနဲ့ ကမ္ဘာ့ပတ်ခဲ့တယ်ဆိုရင် ဒီနေ့ခေတ်လူငယ်တွေ ပါးစပ်အဟောင်းသားဖြစ်တဲ့အထိ အံ့သြသွား ကြမှာပါ။
မြန်မာ့ပထမဆုံး မော်တော်ဆိုင်ကယ်နဲ့ ကမ္ဘာပတ်ခဲ့တဲ့ အဘွားတင်တင်စိန်နဲ့အဘိုးဦးဘတုတ်တို့နှစ်ဦးဟာ မြန်မာနိုင်ငံကနေအင်္ဂ္လန်နိုင်ငံအထိအရှေ့အလယ်ပိုင်းနိုင်ငံတွေကိုဖြတ်ကာအချိန်တစ်နှစ်ကျော်ကြာမိုင်ပေါင်း ၅၀ဝဝဝ ကျော် သွားခဲ့ကြတာပါ။အဲဒီခရီးစဉ်မှာ ဥရောပနိုင်ငံတွေ အကုန်ရောက်ခဲ့ပြီး နိုင်ငံပေါင်း ၃၅ ကိုလည်း ဖြတ်ကျော်လည်ပတ်ခဲ့ကြပါသေးတယ်။သူတို့ရဲ့ ကမ္ဘာပတ်သတင်းဟာ မြန်မာနိုင်ငံရဲ့Nation သတင်းစာအပါအဝင်သူတို့ဖြတ်သန်းခဲ့တဲ့နိုင်ငံတော်တော်များများကသတင်းစာတွေမှာ ဖော်ပြခံခဲ့ရပြီးခရီးစဉ်တစ်လျှောက် နိုင်ငံတွေရဲ့အကြီးအကဲတွေဖြစ်တဲ့သမ္မတ၊ဝန်ကြီး၊ဝန်ကြီးချုပ်၊ဘုရင်စတာတွေကလည်းသူတို့ကို လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
၁၉၅၅ ခုနှစ်ကနေ ၁၉၅၆ ခုနှစ်အထိ တစ်နှစ်ကျော်ကြာ ကမ္ဘာပတ်ခဲ့တဲ့အကြောင်းတွေကို ခုနှစ်နာမည်ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတိအကျပြောပြသူကတော့အသက်၈၃ နှစ်အရွယ်အဘွား ဒေါ်တင်တင်စိန်ပါ။ခဲရောင်ချိတ်လုံချည်၊ခဲရောင်အင်္ကျီကို ဖက်ရှင်ကျကျတွဲဖက်ဝတ်ဆင်ပြီးထိုင်ခုံမှာထိုင်ကာအေးအေးဆေးဆေးပြန်ပြောပြနေတဲ့အဘွားရဲ့မျက်လုံးတွေဟာ ခုချိန်ထိတောက်ပစူးရှနေဆဲပါ။
အဘွားရဲ့ မျက်လုံးတွေကတစ်ဆင့် ဖတ်ရှုခံစားနိုင်တာကတော့ အဘွားဟာ တစ်ချိန်ကထက်မြက်တကြွ်ကတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့တာ သေချာတယ်ဆိုတာပါပဲ။”အဘွားကို အားလုံးက ဝိုင်းတားကြတယ်။ဘာလို့သွားမှာလဲ မိန်းမတန်မဲ့နဲ့ အိမ်မှာနေတာ မဟုတ်ဘူးပေါ့။အဲဒီခေတ်ကပိုဆိုးတယ်”ဆိုပြီးအဘွားတင်တင်စိန်က စပြောပါတယ်။အားလုံးဝိုင်းတားတဲ့ကြားက ထက်မြက်တဲ့အဘွားဟာသူ့အမျိုးသားနဲ့အတူသူ့တို့ဇနီးမောင်နှံ ဆုံးဖြတ်ထားတဲ့အတိုင်းရအောင်သွားခဲ့တဲ့ဒီကမ္ဘာပတ်ခရီးဟာ မြန်မာနိုင်ငံအတွက်တော့သမိုင်းမှတ်တမ်းတစ်ခု ဖြစ်ခဲ့တာအမှန်ပါ။

ထောင်ပိုင်ကြီး မစ္စတာ စကင်နာ(Mr. Skinner) နဲ့ ဒေါ်လှမေတို့ကနေ ၁၉၃၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အဘွားတင်တင်စိန်ဟာ ငယ်ငယ်ကတည်းကအားကစားရောပညာရေးဘက်မှာပါ ထူးချွန်သူပါ။ဆယ်တန်းကိုဘာသာစုံဂုဏ်ထူး ခုံနံပါတ် ၁ (သရက်မြို့နယ်)နဲ့အောင်မြင်ခဲ့ပြီး ၁၉၅၃ ခုနှစ်မှာသရက်မြို့ရဲ့မယ်လည်းဖြစ်ခဲ့သူပါ။ပညာရေးမှာလည်းတော်သလိုရုပ်ရည်ချောမောပြီးမယ်ဘွဲ့ကိုပိုင်ဆိုင်ခဲ့တဲ့အဘွားဟာမယ်ဘွဲ့ရတဲ့၁၉၅၃ ခုနှစ်မှာပဲအပျော်တမ်းဓာတ်ပုံရိုက်ဝါသနာပါတဲ့ သစ်တောအရေးပိုင်ဦးဘတုတ်နဲ့အိမ်ထောင်ကျခဲ့ပါတယ်။အိမ်ထောင်ကျပြီးတဲ့နောက်ရန်ကုန်ကိုပြောင်းနေရင်းထီးတန်းကောလိပ်မှာအီကိုမေဂျာနဲ့ ကျောင်းတက်ခဲ့ရင်းသမီးအကြီးဆုံးမွေးပါတယ်။သမီးငယ်ကိုမွေးဖွားပြီးခြောက်လအကြာ ၁၉၅၅ ခုနှစ်မှာသူတို့ဇနီးမောင်နှံရဲ့ကမ္ဘာလှည့်ခရီးကို စတင်ခဲ့တာဖြစ်ပါတယ်။
ကန္တာရထဲမှာဆိုင်ကယ်တစ်စီးနဲ့ကမ်းမမြင်လမ်းမမြင်သွားရင်း လူမျိုးစုတစ်စုနဲ့တွေ့ဆုံကာအဖမ်းခံခဲ့ရပြီးအသတ်ခံရမလိုအထိ ဖြစ်ခဲ့ပေမဲ့”အဘွားတို့နှစ်ယောက်စလုံးကသွားချင်လာချင် စူးစမ်းချင်တဲ့စိတ်ဓာတ်လေးတွေရှိတယ်။ဗမာတစ်ပြည်လုံး ဓာတ်ပုံရိုက်မယ်တွေးရင်းကတစ်ကမ္ဘာလုံးပတ်ကြမယ်ဆိုတဲ့အတွေးရပြီးခရီးစဉ်စခဲ့ကြတာ။အဘွားတို့မှာပိုက်ဆံလည်းမရှိဘူး။ကမ္ဘာကိုခြေလျင်ပတ်လို့တော့မဖြစ်နိုင်ဘူး၊ဘာနဲ့ပတ်ကြမလဲဆိုတော့ဆိုင်ကယ်နဲ့ပတ်မယ်ဆိုတွေးမိပြီးမုန့်ဟင်းခါးတစ်ပွဲ ၁၀ ပြားခေတ်မှာဒုတိယကမ္ဘာစစ်ကအကျန်နံပါတ်က က-၄၅၈၁ မော်တော်ဆိုင်ကယ်အစုတ်ကြီးကိုဗမာငွေ ၅၀ဝ ပေးဝယ်တယ်။ ပြီးတော့ ပြန်ပြင်ပြီး ခရီးစဉ်ဆွဲခဲ့ကြတယ်”လို့သူတို့ခရီးစဉ်အစကိုစိတ်လှုပ်ရှားစွာပြောပြပါတယ်။
ကမ္ဘာပတ်ချင်တဲ့အတွေးဆိုတာလူတော်တော်များများမှာရှိတတ်ကြပေမဲ့အတွေးအတိုင်းလက်တွေ့အကောင်အထည်ဖော်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။အထူးသဖြင့်အမျိုးသမီးဆိုရင်ဘယ်လိုနေထိုင်ပြောဆိုသင့်တယ်ဆိုတဲ့ထုံးတမ်းစဉ်လာတွေအောက်က ရုန်းထွက်ဖို့ ခက်ခဲနေသေးတဲ့ ခုနှစ်ပိုင်းခြားကာလတွေဆီမှာပေါ့။အဘွားတင်တင်စိန်နဲ့အဘိုးဦးဘတုတ်တို့ကတော့ သူတို့ရဲ့အတွေးကိုဖြစ်မြောက်အောင်အကောင်အထည်ဖော်ခဲ့ကြသူတွေပါ။
သူတို့နှစ်ဦးရဲ့ခရီးစဉ်ကို ၁၉၅၅ ခုနှစ်၊ ဇူလိုင်လမှာ မြန်မာပြည်မြောက်ဘက်လီဒိုလမ်းကသွားဖို့လုပ်ခဲ့ပေမဲ့ရေကြီးပြီးလမ်းတွေပျက်နေကာသူပုန်တွေလည်းရှိနေတဲ့အတွက်ဖျက်လိုက်ရပါတယ်။ကြားထဲမှာအဘိုးဦးဘတုတ်လည်းကျန်းမာရေးမကောင်းတာကြောင့်စက်တင်ဘာ၂၉ ရက်မှ လက်တွေ့ စနိုင်ခဲ့ကြပါတယ်။ခရီးစဉ်မစခင်အဘွားက Nation သတင်းစာတိုက်ကို သွားကာ သူတို့သတင်းကို ပြောခဲ့တာမို့ Nation သတင်းစာမှာသူတို့နှစ်ဦးကမ္ဘာပတ်မယ့်သတင်းဖော်ပြခံခဲ့ရပါတယ်။သင်္ဘောလက်မှတ်တွေဝယ်ပြီးသားဖြစ်နေတဲ့အတွက်အဘိုးဦးဘတုတ်နေပြန်ကောင်းပြီးသုံးရက်အကြာမှာပဲ ဟူဂလီမြစ်ကိုသင်္ဘောနဲ့သုံးရက်ကြာဖြတ်ကာကာလကတ္တားမြို့ကနေ ခရီးစဉ်ကို စခဲ့ကြတာပါ။

စစချင်းမှာပဲ “ကာလကတ္တားရောက်တော့တင်သွင်းခွင့်ပါမစ် မပါလို့ ဆိုင်ကယ်သိမ်းလိုက်ပြီပြောတယ်။မြန်မာပြည်ကနေ မော်တော်ဆိုင်ကယ်ကြီးကိုထုတ်တော့လည်းမြန်မာပြည်ပြန်ယူခဲ့ပါမယ်ဆိုတဲ့အာမခံလက်မှတ်ထိုးရတယ်။West Benglal မှာ အိန္ဒိယက မော်တော်ဆိုင်ကယ်အနေနဲ့ပြန်မှတ်ပုံတင်ပြီးWBM/ 4098 BI(British India) နဲ့မှကမ္ဘာပတ်ခွင့်ရတာ။ မော်တော်ဆိုင်ကယ်အတွက်အဝင်အထွက်ပတ်စ်ပို့သဘောမျိုး Carnay de Passages ဆိုတဲ့မှတ်ပုံတင်စာအုပ်လုပ်အိန္ဒိယဆိုင်ကယ်အနေနဲ့မှတ်ပုံတင်ပြီးမှကမ္ဘာပတ်ရတာ။ကာလကတ္တားမှာ နှစ်လကြာခဲ့တယ်”လို့စစချင်းတွေ့တဲ့သူတို့ရဲ့ အခက်အခဲကို ပြောပါတယ်။
အဲဒီကနေ ပထမဆုံး ဗုဒ္ဓဂယာသွားပြီးGrand Trunck road ဆိုတဲ့အာရှရဲ့ ရှေးအကျဆုံးနဲ့အရှည်ဆုံးလမ်းမကြီးကနေ နယူးဒေလီကို သွားခဲ့ကြတာပါ။နယူးဒေလီသတင်းစာမှာကမ္ဘာလှည့်ဇနီးမောင်နှံဆိုပြီးပါလာတဲ့နောက်အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ဂျဝါဟာလာနေရူးက လက်ခံတွေ့ဆုံကာLok Shaba လွှတ်တော်တက်ခဲ့ရဖူးတယ်လို့လဲ အဖွားကပြောပါတယ်
ဘာသာရေးတရားတွေလည်းဟောပြောလေ့လာတဲ့ အဘွားတင်တင်စိန်ဟာဒီခရီးစဉ်မှာဘာသာကြီးလေးခုရဲ့အဓိကကျတဲ့ အခြေခံနေရာတွေကိုလည်းရောက်အောင်သွားခဲ့ပါသေးတယ်။ အဲဒီအချိန်ကကမ္ဘာ့ဒုတိယလူဦးရေအများဆုံးဖြစ်ပြီးလူမျိုးစုပေါင်း၃၈၅ မျိုးနဲ့ ဘာသာပေါင်းများစွာရှိတဲ့အိန္ဒိယမှာဟိန္ဒူဘာသာရဲ့အစဟတ်နဝါရိုကီဘာသာကိုလေ့လာဖို့ဟိမဝန္တာတောင်တန်းဆီလည်းအရောက်သွားခဲ့သူပါ။အဲဒီမှာအောက်ကချတောင်ပို့ဖြစ်နေပြီးအပေါ်ပိုင်းလေးသာမြင်ရတော့တဲ့ခန္ဓာကိုယ်မှာ ခံစားမှုမရှိတော့တဲ့စိတ်လွန်ပညာကျင့်စဉ်ကျင့်နေတဲ့ဆာဒူးကြီးတွေလည်းတွေ့ခဲ့တယ်လို့ အဘွားက ပြန်ပြောင်းပြောပြပါတယ်။
“အိန္ဒိယခရီးစဉ်မှာဂျဝါဟာလာနေရူး၊နောက်ဖြစ်မယ့်ဝန်ကြီးချုပ် အင်ဒီရာဂန္ဓီအပြင်သူ့သားနှစ်ယောက်ဖြစ်တဲ့ဆန်ဂျေးဂန္ဓီနဲ့ရာဂျေးဂန္ဓီတို့နဲ့ပါခင်ခဲ့သေးတယ်။Indian Express Newspaper ပိုင်ရှင်Feros Kham နဲ့လည်းရင်းနှီးသွားတယ်။ သူကအဘွားတို့ကို သတင်းစာတိုက်ကအမှောင်ခန်းကိုပေးသုံးတယ်။ညဘက်မှာ ဓာတ်ပုံကူး။နေ့ခင်းဘက်ဆို ဦးဘတုတ်က ဓာတ်ပုံရိုက်ပြီးအဘွားကဓာတ်ပုံလိုက်ရောင်းရတယ်။အဲဒီအချိန်ကအဘွားအသက်က ၁၈ နှစ်ဆိုတော့ရည်းစားစကားအပြောခံရတာတွေလည်း ရှိတယ်။ပိုက်ဆံလည်းသိပ်မပါတော့ရောက်တဲ့နေရာမှာအချိန်ပိုင်းအလုပ်တွေဝင်လုပ်ရတာတွေလည်းရှိတယ်” လို့ပြုံးရင်းပြောတယ်။သူ့အပြုံးတွေနဲ့အတူသူ့စိတ်တွေကလည်းတက်ကြွပျော်ရွှင်စွာကမ္ဘာပတ်ခဲ့တဲ့ ၁၈ နှစ်အရွယ် အမျိုးသမီးလေးဆီပြန်ရောက်နေပုံပါပဲ။

နယူးဒေလီမှာဂျဝါဟာလာနေရူးကထောက်ခံပေးတဲ့အတွက် အိန္ဒိယနိုင်ငံတော်သမ္မတက အိန္ဒိယလွတ်လပ်ရေးနေ့မှာ“The First Travellers from Asia” ဆိုပြီး ဂုဏ်ထူးဘွဲ့ထူးတွေ ပေးခဲ့တယ်လို့ဆိုပါတယ်။အိန္ဒိယမှာနာမည်ကြီးသွားတဲ့အတွက်ဦးနုနဲ့ ဒေါ်မြရီကအိန္ဒိယအထိလိုက်လာပြီးဂုဏ်ပြုပေးရင်း အော်တိုစာအုပ်ထဲမှာဦးနုက အောင်ပါစေ မောင်နုဆိုပြီး လက်မှတ်ထိုးပေးခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်တဲ့။
နယူးဒေလီကနေဆင်မလား၊မစ်ဇိုရီ၊ဒေဒါဒွန်းကနေဟိမဝန္တာအထိသွားပြီးဂင်္ဂါမြစ် မြစ်ဖျားခံရာဒေသ၊အဲဒီကနေဟိမဝန္တာတောင်တန်းတွေဆီနောက် အိန္ဒိယ၊ပါကစ္စတန်၊ခိုင်ဘာပတ်စ်နဲ့ အာဖဂန်နစ္စတန်ကိုပါ ဖြတ်သွားခဲ့ကြတာပါ။အဲဒီကနေ ဆီးနှင်းတွေတအားလွှမ်းလို့ ပြန်ပတ်လာပြီးပါကစ္စတန်နိုင်ငံ၊ကျူးတားမြို့ကနေ ပြန်ခဲ့ရတယ်လို့သိရပါတယ်။ကျူးတာကနေ ကရာချိ၊ အီရန်နဲ့အဲဒီကနေ အာရေဗီယန်ပင်လယ်ကို SS Drakara သင်္ဘာနဲ့ဖြတ်ခဲ့ကြပါတယ်။အဲဒီနောက်အိုမန်နိုင်ငံမတ်စကက်၊ဒူဘိုင်း၊ကူဝိတ်၊အီရတ်ကိုကျော်ပြီးဘဂ္ဂဒက်ကို ရောက်သွားတဲ့အခါ ဘုရင်King Faisal II ကအတွေ့ခံခဲ့ပြီးအာရပ်နိုင်ငံတွေအကုန်လုံးကိုဗီဇာအခမဲ့ဝင်ခွင့်ပေးခဲ့တယ်။အဲဒီကနေဆော်ဒီအာရေဗျနိုင်ငံကိုရောက်ပြီး ဘုရင်Saudနဲ့လည်းတွေ့ဆုံခဲ့ပါသေး တယ်။
နာမည်ကျော်ဟာ့ဂ်ျမွတ်စလင်ဘုရားရှိခိုးကျောင်းရှိတဲ့နေရာနားထိ ရောက်ခဲ့ပြီးမွတ်စလင်မဟုတ်ရင်ပေးမသွားတာကြောင့်ပေးသွားတဲ့မြို့တွေဖြစ်တဲ့မက္ကာ၊မက်ဒီနာနဲ့ဂျက်ဒါမြို့အထိရောက်ခဲ့တယ်လို့ဆိုပါတယ်။”ဆော်ဒီအာရေဗျရနိုင်ငံတွေကိုနှံ့အောင်သွားခဲ့ပြီးအဲဒီတစ်လျှောက်မှာဘုရင်တွေနဲ့လည်းတွေ့ဆုံခဲ့ရသလို တအားကြမ်းပြီးဥပဒေမဲ့နေတတ်တဲ့လူတန်းစားတွေလည်းတွေ့ရတယ်”လို့လည်းအဘွားက ပြောပါတယ်။ဆော်ဒီနိုင်ငံကနေ ဂါဇာ၊အီဂျစ်ကိုအရောက်သွားခဲ့ကာပိရမစ်တွေ မြင်ခဲ့ရသလို ရှေးဟောင်းမြို့တွေလည်းရောက်ခဲ့ပါတယ်။
နောက်ထပ်ဆီးရီးယား၊ဂျော်ဒန်ကိုဖြတ်ကျော်ကာဂျော်ဒန်ဘုရင် ဟူစိန်နဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။ဂျော်ဒန်ကနေဒါမတ်စကတ်ကိုဖြတ်ကာဖလောရင့်စ်တောင်တန်းတွေဆီရောက်ပြီးဝက်ဝံကြီးတွေနဲ့လည်းတွေ့ခဲ့ရတာမို့ဆိုင်ကယ်ကြီးကိုစက်ခဏခဏရပ်ကာ ဝက်ဝံတွေအနားကထွက်သွားတဲ့အထိအသက်တောင်မရှူရဲဘဲငြိမ်စောင့်နေခဲ့ရတယ်လို့ဆိုပါတယ်။တော်ရုံလူမတွေ့ကြုံဖူးတဲ့တောတောင်တွေကိုဆိုင်ကယ်တစ်စင်းနဲ့ရဲရဲဝံ့ဝံ့ဖြတ်ရင်း တောကောင်တွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အထိပါပဲ။

သူတို့သွားနေတဲ့ခရီးတစ်လျှောက်မှာပိုက်ဆံလိုတဲ့အခါအချိန်ပိုင်းအလုပ်တွေလုပ်ခဲ့ဖူးသလိုကမ္ဘာပတ်တဲ့အတွေ့အကြုံတွေကို တခြားနိုင်ငံတွေကသတင်းစာတွေမှာဆောင်းပါးတွေရေးတာတစ်မျိုးရေဒီယိုကနေအသံလွှင့်စကားပြောပေးတာတွေတစ်သွယ် လုပ်ရင်းပိုက်ဆံရှာကာသူတို့ရဲ့ရည်ရွယ်ချက်ကိုစိတ်တူကိုယ်တူ အကောင်အထည်ဖော်ခဲ့ကြတာပါ။တူရကီကနေဂရိ၊အယ်လ်ဘေးနီးယား၊ယူဂိုဆလားဗီးယားရောက်တော့ဆိုင်ကယ်ပျက်သွားတာကြောင့်ဦးဘတုတ်ကဆိုင်ကယ်ပြင်ဖို့သွားပြီးအဘွားဒေါ်တင်တင်စိန်ကတော့ရထားနဲ့ ရှေ့ဆက်သွားခဲ့ကြပါတယ်။
သွားရင်းလမ်းမသိလို့မေးရင်းသွားရင်းနဲ့ဒေသခံတွေနဲ့အဘွားကြားမှာဘာသာစကားမပေါက်တော့ဘဲရဲစခန်းရောက်ပြီး အချုပ်ခန်းထဲထည့်လိုက်တယ်။နောက်တော့မှစခန်းမှုးရောက်လာပြီးအင်္ဂလိပ်ဘာသာစကားနဲ့ သံရုံးကိုခေါ်ခိုင်းကာသံရုံးအကူအညီ ယူခဲ့ရပါတယ်။သူ့တို့ခရီးတစ်လျှောက်မှာနေ့ဘက်မှာအရည်ပျော်မလိုပူပြီးညဘက်ဆိုအရိုးကွဲမတတ်အေးတဲ့သဲကန္တာရလည်း ရောက်ခဲ့သလိုကန္တာရထဲမှာဆိုင်ကယ်တစ်စီးနဲ့ကမ်းမမြင်လမ်းမမြင်သွားရင်းလူမျိုးစုတစ်စုနဲ့တွေ့ဆုံကာအဖမ်းခံခဲ့ရပြီးအသတ်ခံရမလိုအထိဖြစ်ခဲ့ပေမဲ့တိုက်တိုက်ဆိုင်ဆိုင်အင်္ဂလိပ်လိုပြောနိုင်တဲ့သူတစ်ဦးရောက်လာလို့အသက်ဘေးကလွတ်ခဲ့တယ်ဆိုတဲ့သူတို့ရဲ့သွေးပျက်ဖွယ်အတွေ့အကြုံတွေကိုပြောပြခဲ့ပါတယ်။
ကန္တာရကိုဖြတ်ကာဥရောပတစ်ခွင်ဂျာမနီ၊ပြင်သစ်၊နော်ဝေ၊ဆွီဒင်၊ ဖင်လန်၊ဒိန်းမတ်၊နယ်သာလန်တစ်နိုင်ငံမှမကျန်အောင်အနှံ့ရောက်အောင်သွားခဲ့တဲ့အပြင်ဖင်လန်မြောက်ပိုင်းအက်စကီးမိုးတွေနေတဲ့ နေရာအထိရောက်အောင်သွားခဲ့တယ်လို့ဒေါ်တင်တင်စိန်ကရှင်းပြပါတယ်။အဲဒီနေရာက၂၃ ၁/၂ဒီဂရီကမ္ဘာကြီးစောင်းနေတဲ့ နေရာဖြစ်တာမို့၂၄နာရီတစ်လျှောက်လုံးသုံးလလင်းနောက်ထပ်၂၄နာရီစလုံးသုံးလမှောင်နေတယ်လို့ဆိုပါတယ်။ပြင်သစ်ကနေဒိုဗာဆိပ်ကမ်းကိုသေင်္ဘာနဲ့ကူးကာအင်္ဂလန်ရောက်တော့မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးကနင်တို့ငြိမ်ငြိမ်ကိုမနေဘူးငါတို့ကိုဒုက္ခပေးတာပဲဆိုကာရန်တွေတွေ့တာလည်း ခံခဲ့ကြရတယ်လို့ ရယ်ရယ်မောမော ပြောပါတယ်။
သူတို့ဖြတ်ခဲ့တဲ့နိုင်ငံတော်တော်များများကသတင်းစာတွေနဲ့ အင်္ဂလန်သတင်းစာတွေမှာပါကမ္ဘာပတ်ခဲ့တဲ့သူတို့သတင်းတွေက ဟိုးလေးတကျော်ပါခဲ့တဲ့အပြင်ဘီဘီစီသတင်းဌာနကလည်း အင်တာဗျူးလုပ်ခဲ့ပါတယ်။ဒီအင်တာဗျူးမှာအဲဒီအချိန်ကကမ္ဘာကျော်ရုပ်ရှင်မင်းသမီးအင်ဂရစ်ဘာ့ဂ်မန်း၊အဆိုတော်တက်စ်ရီတာတို့နဲ့အတူတစ်နာရီကြာအောင်သူတို့အတွေ့အကြုံတွေကိုပြောပြခဲ့တာပါ။အင်္ဂလန်မှာမြန်မာနိုင်ငံကနောက်ဆုံးဘုရင်ခံ ဆာဟူး ဘတ်ရန့်နဲ့လည်းတွေ့ဆုံခွင့်ရခဲ့ပါသေးတယ်။

အင်္ဂလန်နိုင်ငံကနေမှမြန်မာနိုင်ငံကိုပင်လယ်ကူးသင်္ဘောတစ်တန်ရထားတစ်တန်နဲ့ဆိုင်ကယ်ကြီးကိုသယ်ရင်းအတွေ့အကြုံများစွာကိုပွေ့ဖက်ရင်းဒုတိယမြောက်သမီးလေးကိုယ်ဝန်လွယ်ထားတဲ့အဘွားတင်တင်စိန်နဲ့အဘိုးဦးဘတုတ်တို့တစ်နှစ်အကြာ ၁၉၅၆ခုနှစ်မှာဗမာပြည်ကိုပြန်ရောက်လာခဲ့ကြပါတယ်။အဘွားတင်တင်စိန်ဟာအသက်၄၀အရွယ်သူ့ခင်ပွန်းဦးဘတုတ်နဲ့အတူ တက်ညီလက်ညီခရီးသွားဖော်တစ်ယောက်အနေနဲ့ရောဇနီးတစ်ယောက်အနေနဲ့ပါအလုပ်တွေအတူတူလုပ်ရင်းကြုံတွေ့လာတဲ့ အခက်အခဲကိစ္စတိုင်းကိုလည်းဒိုးတူပေါင်ဖက်ဖြေရှင်းကျော်လွှားရင်းခရီးစဉ်တစ်လျှောက်လုံးလိုက်ပါခဲ့သူတစ်ဦးပါ။အဘွားတင်တင်စိန်က“တကယ်စွန့်စားမယ်ဆိုပျော်စရာကြီးပါ။အတွေ့အကြုံမျိုးစုံနဲ့ဒုက္ခတွေလည်းရောက်ခဲ့တာတွေ့ခဲ့ရတယ်။လမ်းဘေးက ဆင်းရဲသားကအစဝန်ကြီးချုပ်သမ္မတဘုရင်တို့နဲ့လည်းဆုံရတယ်” ဆိုပြီးသူ့ရဲ့အသက်နဲ့ပါရင်းခဲ့ရတဲ့ကမ္ဘာပတ်အတွေ့အကြုံအကြောင်းခုနှစ်၊ရက်၊လမကျန်မှတ်မိကာပြန်ပြောပြခဲ့ပါတယ်။
ခုထိလည်းအဘွားလန်းဆန်းနေဆဲဖြစ်သလိုအမြဲတမ်းပြုံးနေတတ်တဲ့အဘွားကိုကြည့်ရတာလည်းဖျတ်လတ်တကြွ်ကနေဆဲပါ။မြန်မာနိုင်ငံကိုပြန်လာပြီးနောက်ပိုင်းမှာတော့အဘွားတင်တင်စိန်ဟာနိုင်ငံတကာလှည့်ပြီးလည်းဗုဒ္ဓဘာသာတရားဟောတာတွေ လုပ်ခဲ့သလိုတရားပြဆရာမအဖြစ်ဖြတ်သန်းခဲ့ပါတယ်။ကမ္ဘာပတ်ရင်းကြုံတွေ့ခဲ့တဲ့အတွေ့အကြုံတွေနဲ့နိုင်ငံပေါင်းစုံအကြောင်း စာအုပ်တွေရေးသားခဲ့ပါသေးတယ်။သူကြုံခဲ့ရတဲ့ဘာသာစကား အခက်အခဲတွေကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်း၂၀ကစတင်ကာ လူငယ်တွေကိုဘာသာစကားကိုးမျိုးပညာဒါနသင်ပေးတဲ့မနောရာမပညာဒါနစာသင်ကျောင်းတစ်ကျောင်းကိုစမ်းချောင်းမြို့နယ်မှာဖွင့်ပေးခဲ့ပါသေးတယ်။အခုလက်ရှိမှာတော့စာအုပ်ပေါင်း၁၇အုပ်ရေးသားထုတ်ဝေခဲ့တဲ့အဘွားတင်တင်စိန်ဟာအသက် ၈၃ နှစ်ရှိနေပြီဖြစ်ပြီးမြတ်ပုဂံဟိုတယ်ရဲ့ပဲ့ကိုင်ရှင်အနေနဲ့သာအေးချမ်းစွာသူ့ဘဝကိုဖြတ်သန်းလို့နေပါတော့တယ်။
မြန်မာနိုင်ငံ၏ ဂုဏ်ကို မြှင်တင်ခဲ့သော ကမ္ဘာလှည့် တင်တင်စိန်သည်၂၀၂၀ခုနှစ် ဇူလိုင်လ ၂၉ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် သီလရှင်ဘဝဖြင့် တိမ်းပါး ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်
သတင်း-MKT
ကောင်းမြတ်ရာ Photo – Tin Tin Sein ကမ္ဘာလှည့်