“ရေခဲသေတ္တာနဲ့ပတ်သက်ပြီး ရှောင်ရန်၊ ဆောင်ရန်” (ရေခဲသေတ္တာသုံးသူတိုင်း မဖြစ်မနေဖတ်ထားသင့်ပါတယ်)
၁။ ရေခဲသေတ္တာ၏အတွင်း၊အပြင်ကိုရေဖြင့်မည်သည့်အခါမှပက်ဖြန်းဆေးကြောခြင်းမပြုရ။

အတွင်း၌လျှပ်စစ်ပစ္စည်းများ၊ဝိုင်ယာကြိုးများတပ်ဆင်ထားသဖြင့်ရှော့ဖြစ်တတ်သည်။
၂။ မီးလောင်စေတတ်သောမှုတ်ဆေးဘူး၊ဓါတ်ငွေ့ဘူးများကိုရေခဲသေတ္တာအနီးတွင်မသုံးပါနှင့်။ရေခဲသေတ္တာမှအပူကြောင့်မီးလောင်တတ်သည်။
၃။ ရေခဲသေတ္တာတံခါးကိုအကြာကြီးဖွင့်မထားပါနှင့်။
၄။ ပူနေသေးသောအစားအသောက်များကိုရေခဲသေတ္တာအတွင်းမထည့်ပါနှင့်။အအေးခံပြီးမှထည့်ပါ။
၅။ ကာဘွန်နိတ်အအေးဗူး(ဥပမာ–ကိုကာကိုလာ၊ 100 Plus)စသည်တို့ကိုအပေါ်ထပ်အအေးခန်းထဲမထည့်ပါနှင့်။
၆။ ဓါတုဗေဒဆေးရည်များ၊ဓါတုဗေဒပစ္စည်းများကိုရေခဲသေတ္တာအတွင်းထည့်သွင်းမသိုလှောင်ပါနှင့်။
၇။ ရေခဲသေတ္တာအတွင်းပစ္စည်းများကိုကြပ်သိပ်နေအောင်ထည့်မထားပါနှင့်။လေလှည့်ပတ်မှုကောင်းအောင်နေရာလပ်ပေးထားပါ။
၈။ ရေခဲသေတ္တာအပေါ်ထပ်ရေခဲခန်းအတွင်းပုလင်း၊ဖန်ခွက်စသည်တို့ဖြင့်ထည့်ထားသောအရည်ပုလင်းများမထည့်ပါနှင့်။ကွဲတတ်သည်။
၉။ အေးခဲနေသောအသားငါးများနှင့်ယခုမှဝယ်လာသောအသားငါးများကိုအပေါ်ရေခဲခန်းအတွင်းအတူပူးကပ်မထားပါနှင့်။ခွာထားပါ။

၁၀။ မီးလောင်စေတတ်သောပစ္စည်းများ၊မီးခြစ်၊ဖယောင်းတိုင်၊အီသာ၊ဘင်ဇင်း၊အယ်လ်ကိုဟော၊ဓါတ်ငွေ့မီးခြစ်တွင်ထည့်သောအရည်စသည်တို့ကိုရေခဲသေတ္တာအတွင်းမထည့်ပါနှင့်။ပေါက်ကွဲတတ်သည်။
၁၁။ သောက်ဆေး၊ထိုးဆေးများကိုရေခဲသေတ္တာအတွင်းမထည့်ပါနှင့်။ရေခဲသေတ္တာအတွင်းထည့်ထားပါဟုညွှန်ကြားထားသည့်ဆေးများကိုသာထည့်ပါ။
၁၂။ လျှပ်စစ်ပစ္စည်းများကိုရေခဲသေတ္တာအတွင်းထည့်သွင်းမသိုလှောင်ပါနှင့်။
၁၃။ ရေခဲခန်းအတွင်းမှခဲနေသောအသားငါးများကိုထုတ်ကာအရည်ပျော်စေပြီးနောက်ထပ်မံ၍ရေခဲခန်းအတွင်းမထည့်ပါတော့နှင့်။အားလုံးကုန်အောင်စားပါ။
ထို့ကြောင့်ရေခဲခန်းအတွင်းထည့်မည့်အသားငါးများကိုတစ်ခါချက်လောက်ရုံခုတ်ထစ်၊ရေဖြင့်သေသေချာချာဆေးပြီးမှသိုလှောင်ပါ။
ထုတ်သည့်အခါတွင်လည်းထိုတစ်ခါချက်လောက်ရုံသာထုတ်ပါ။အခြားမချက်သေးသောအသားငါးများကိုအရည်မပျော်ပါစေနှင့်။ဆက်လက်ခဲထားပါ။
၁၄။ အပူချိန်နိမ့်တွင်အလွယ်တကူပျက်စီးစေတတ်သောအသီးများ၊ဥပမာ–ငှက်ပျောသီး၊နာနတ်သီး၊ဖရဲသီး၊သခွားသီး၊ စသည်တို့ကိုရေခဲသေတ္တာအတွင်းထည့်သွင်းမသိုလှောင်ပါနှင့်။
၁၅။ ရေခဲသေတ္တာကောင်းကောင်းအလုပ်မလုပ်တော့ဟုဆိုလျှင်ဆက်မသုံးပါနှင့်။အတွင်းရှိပစ္စည်းများအားလုံးထုတ်ပါ။ခလုတ်ကိုပိတ်ပြီးပလပ်ကိုချွတ်ထားပါ။

ထို့နောက်ရေခဲသေတ္တာပြင်ဆိုင်သို့ပို့ပါ။အကယ်၍မတော်တဆဝိုင်ယာကြိုးပြတ်၍ပြင်လိုလျှင်နားလည်တတ်ကျွမ်းသူကိုသာပြန်ဆက်ခိုင်းပါ။
တတ်ယောင်ကားများကိုဆက်ခိုင်းခြင်း၊မသိနားမလည်ဘဲမိမိကိုယ်တိုင်လုပ်ခြင်းသည်ဓါတ်လိုက်မည့်အန္တရာယ်ရော၊မီးလောင်မည့်အန္တရာယ်ပါရှိပါသည်။
၁၆။ ရေခဲသေတ္တာကို(သယ်သည့်အခါ၊နေရာပြောင်းသည့်အခါများတွင်)မည်သည့်အခါမှမလဲှပါနှင့်။ထောင်လျှက်သာထားရပါမည်။
ရေခဲသေတ္တာကိုမည်ကဲ့သို့ထိန်းသိမ်းရမည်နည်း
အပန်းမကြီးလှသောထိန်းသိမ်းမှုအနည်းငယ်မျှလုပ်လျှင်ပင်ရေခဲသေတ္တာ၏သက်တမ်းကိုပိုပြီးရှည်စေနိုင်သည်။ထို့ပြင်ပျက်ချိန်မတိုင်မီပျက်မည့်အန္တရာယ်မှလည်းကြိုတင်ကာကွယ်နိုင်မည်။
အန္တရာယ်ကင်းရေး ပထမ (Safety First)
၁။ ရေခဲသေတ္တာကိုသန့်ရှင်းရေး၊ပြုပြင်ထိန်းသိမ်းရေးလုပ်တော့မည်ဆိုလျှင်ပထမဦးစွာပြုလုပ်ရမည်မှာရေခဲသေတ္တာမီးခလုတ်ကိုပိတ်ကာပလပ်ချွတ်ထားခြင်းဖြစ်ပါသည်။
ရေခဲသေတ္တာကိုမီးမပိတ်ဘဲ၊ပလပ်မချွတ်ဘဲသန့်ရှင်းရေး၊ပြုပြင် ထိန်းသိမ်းရေးမလုပ်ပါနှင့်။အလွန်အန္တရာယ်များသည်။
၂။ လေးလံသော၊ကွဲနိုင်သောပစ္စည်းများကိုရေခဲသေတ္တာအတွင်းမှထုတ်ပါ။
၃။ ရေခဲသေတ္တာကိုမီးပိတ်၊ပလပ်ချွတ်ပြီးလျှင်နံရံမှခွာပါ။ထိုသို့ခွာရာတွင်ရေခဲသေတ္တာအောက်ပိုင်းကိုသာကိုင်ပြီးဖြေးညင်းစွာရွှေ့ပါ။ကြမ်းပြင်များကိုမခြစ်မိစေရန်သတိထားပါ။
၄။ ရေခဲသေတ္တာတစ်ပတ်လည်လူဝင်လို့ရနိုင်လောက်သည်ထိ ခွာထားပါ။
ရေခဲသေတ္တာကိုပြုပြင်ထိန်းသိမ်းခြင်း

ပုံမှန်ပြုပြင်ထိန်းသိမ်းနေပါမှရေခဲသေတ္တာသက်တမ်းရှည်မည်။ အောက်ပါအတိုင်းပြုပြင်ထိန်းသိမ်းပါ။
၁။ ရေခဲသေတ္တာအပြင်နံရံများကိုရေနွေးအနည်းငယ်ဆွတ်ထားသောသန့်ရှင်းသည့်အဝတ်ဖြင့်အနည်းဆုံးတစ်ပတ်လျှင်တစ်ကြိမ်သုတ်ပေးပါ။
အကယ်၍အစွန်းအထင်းများကိုသာမန်အဝတ်စဖြင့်သုတ်မရပါကဆပ်ပြာမှုံ့အနည်းငယ်ထည့်သုံးနိုင်သည်။အပြင်းစားချေးချွတ်ဆေးများသည်ရေခဲသေတ္တာတွင်သုတ်ထားသောဆေးများကို ထိခိုက်စေနိုင်၏။
၂။ သန့်ရှင်းရေးလုပ်သည်ဆိုသော်လည်းရေခဲသေတ္တာပေါ်သို့ ရေများလောင်းချခြင်းမပြုလုပ်ပါနှင့်။ဓါတ်လိုက်တတ်သည်။
၃။ တံခါးလက်ကိုင်များကိုမူသန့်ရှင်းခြောက်သွေ့သောအဝတ်စဖြင့်နေ့စဉ်သုတ်ပြီးသန့်ရှင်းပေးပါ။
၄။ တံခါးရွက်များတွင်လေလုံစေရန်ရာဘာပြားများတပ်ဆင်ထားပါသည်။ထိုရာဘာများကိုမပေါက်ပြဲစေရန်ဂရုစိုက်ပါ။ထိုရာဘာများပေါ်တွင်ချေးညှော်များကပ်နေခြင်းသည်ရာဘာ၏သက် တမ်းကိုကျစေသည်။
ထို့ကြောင့်ထိုရာဘာလိုင်နာများကိုမကြာခဏစစ်ဆေးပြီးချေးညှော်များကိုသန့်ရှင်းပေးပါ။
၅။ အတွင်းဘက်စင်များတွင်အစားအသောက်၊အသား၊ငါး၊ဟင်းသီးဟင်းရွက်များမှကျသောအရည်များဖြင့်ညစ်ပတ်နေတတ်ပါသည်။
ထိုအရည်များပေနေခဲ့သော်အဝတ်စသန့်သန့်ကိုဆပ်ပြာရည်အနည်းငယ်ဆွတ်ကာချက်ခြင်းသန့်ရှင်းပေးပါ။
၆။ အကယ်၍အတွင်းဘက်စင်များပေါ်တွင်ဟင်းချက်ဆီများပေကျံနေသော်ဆပ်ပြာနှင့်ချက်ခြင်းဆေးကြောသန့်စင်ပါ။
ထိုဆီများကြောင့်ပလတ်စတစ်စင်များကွဲအက်ပျက်စီးတတ် သည်။

၇။ ရက်လွန်နေသောအစားအစာများကိုဆက်ပြီးသိုလှောင်မထားပါနှင့်။မစားဘဲချက်ခြင်းလွှင့်ပစ်ပါ။
ထိုပုပ်သိုးနေသောအစားအစာများမှတဆင့်ကောင်းသောအစား အသောက်များသို့ကူးကာနံစော်ပြီးရောဂါရစေတတ်သည်။
၈။ အကယ်၍ရေခဲသေတ္တာသည်Frost Freeမဟုတ်လျှင်အပေါ်ထပ်ရေခဲခန်း၌ရေခဲများကပ်တတ်သည်။
ရေခဲများကပ်လာခဲ့သော်ရေခဲပြင်အထူလက်မဝက်ခန့်ရှိလာပြီဆိုသည်နှင့်ရေသေတ္တာမီးကိုပိတ်၊ပလပ်ကိုချွတ်ကာအအေးကိုလျှော့ပါ။ထို့နောက်ရေခဲများပျော်အောင်စောင့်ပါ။
မှတ်ချက်။ ။ရေခဲအရည်ပျော်အောင်လုပ်ရာတွင်ရေနှင့်လောင်းခြင်း၊အပူပေးခြင်း၊ပန်ကာနှင့်မှုတ်ခြင်း၊ဒါးစသောချွန်ထက်သည့်အရာများဖြင့်ထိုးခွာခြင်းစသည်တို့လုံးဝမပြုလုပ်ပါနှင့်။
အီဗာပိုရေတာကွိုင်များပျက်စီးစေတတ်သည်။ရေခဲသေတ္တာခလုတ်ပိတ်လိုက်သည်နှင့်အအေးဓါတ်လျော့ကာရေခဲများသူ့အလိုလိုအရည်ပျော်ကွာကျကုန်ပါမည်။
၉။ ကွန်ဒင်ဆာကွိုင်များကိုသန့်ရှင်းရေးလုပ်ပါ။
ကွန်ဒင်ဆာကွိုင်များသည်ဖုံများတက်နေကာညစ်ပတ်နေလျှင်အပူကိုကောင်းကောင်းစွန့်ထုတ်နိုင်မည်မဟုတ်။ထိုအခါရေခဲသေတ္တာအလုပ်ပိုလုပ်ရမည်။မီးအားပိုကုန်ကျမည်။သက်တမ်းတိုမည်။
ထို့ကြောင့်ရေခဲသေတ္တာ၏ကွန်ဒင်ဆာကွိုင်များကိုပုံမှန်သန့်ရှင်းရေးလုပ်ပေးခြင်းသည်အရေးကြီး၏။
မည်သို့သန့်ရှင်းရေးလုပ်မည်နည်း

လွယ်ပါသည်။ကွန်ဒင်ဆာကွိုင်များကိုvacuum cleaner ရှိပါက vacuum cleanerဖြင့်ဖုံ၊အမှုံများကိုစုပ်ထုတ်ပါ။ vacuum cleanerမရှိဘူးလား။လွယ်ပါသည်။
ကြက်မွေးတံမြက်စည်းဖြင့်သုတ်ပါ။ကြက်မွေးတံမြက်စည်းမရှိလျှင်သန့်ရှင်းသောအဝတ်စုတ်ဖြင့်သုတ်ပေးပါ။ကွန်ဒင်ဆာကွိုင်များမှာပူနေမည်။ထို့ကြောင့်လက်အပူလောင်မည်။သတိထားပါ။
ဤကဲ့သို့သန့်ရှင်းရေးလုပ်ခြင်းကိုအနည်းဆုံး၆လတစ်ကြိမ်၊ ၁ နှစ်တစ်ကြိမ်လုပ်ပေးပါ။သို့သော်ဖုံထူသောဒေသများတွင်နှစ်လတစ်ကြိမ်၊သုံးလတစ်ကြိမ်စသဖြင့်လုပ်ပေးသင့်ပါသည်။
ကွန်ဒင်ဆာကွိုင်များအောက်တွင်ချွေးခံခွက်(drip tray)ရှိတတ်ပါသည်။ကွန်ဒင်ဆာမှကျလာသောချွေးများသည်ထိုခွက် အတွင်းတွင်စုနေမည်။ထိုခွက်ကိုလည်းမကြာခဏသွန်ပေးရန်လိုပါသည်။
ထိုခွက်အတွင်းရှိရေတွင်ခြင်များပေါက်ဖွားနိုင်သည်။ရေခဲ သေတ္တာ၏မည်သည့်နေရာတွင်ကွန်ဒင်ဆာကွိုင်ရှိသနည်း။
ရေခဲသေတ္တာအမျိုးအစားပေါ်မူတည်၍ကွန်ဒင်ဆာကွိုင်မှာရေခဲသေတ္တာ၏နောက်ဘက်၊သို့မဟုတ်အောက်ဘက်တွင်ရှိတတ်ပါသည်။
ထို့ပြင်အချို့ရေခဲသေတ္တာများတွင်ကွန်ဒင်ဆာကွိုင်ကိုအုပ်မထားသော်လည်းအချို့ရေခဲသေတ္တာများတွင်ကွန်ဒင်ဆာကွိုင်များကို အုပ်ထားတတ်သည်။အုပ်ထားလျှင်ထိုအကာများကိုဖြုတ်ရန်လိုပါသည်။
၁၀။ ပန်ကာများကိုသန့်ရှင်းပေးပါ။ကွန်ဒင်ဆာကွိုင်၊သို့မဟုတ်အီဗာပိုရေတာများကိုလေမှုတ်ပေးသောပန်ကာများရှိပါသည်
ထိုပန်ကာများတွင်ဖုံများတက်နေပါမည်။ကွန်ဒင်ဆာကွိုင်ကိုသန့်ရှင်းရေးလုပ်သောအခါထိုပန်ကာများကိုပါတစ်ပြိုင်နက်တည်းသန့်ရှင်းရေးလုပ်ပေးပါ။
သတိပြုရမည့်အချက်များ

၁။ မီးပြတ်သွားသော်လည်းမူလရှိသောအအေးဓါတ်ဖြင့်ရေခဲ သေတ္တာအတွင်းတွင်ဆက်လက်အေးနေမည်။
သို့သော်ထိုအအေးဓါတ်ကိုထိန်းထားနိုင်ရန်ရေခဲသေတ္တာဖွင့်ခြင်း၊ပိတ်ခြင်းကိုမကြာခဏမပြုပါနှင့်။အအေးခန်းမှအသား၊ငါးများကိုလည်းသည်အတိုင်းဆက်လက်ထားပါ။
သို့သော်၂၄နာရီထက်ကျော်ပြီးမီးပြတ်မီဆိုပါမူအပေါ်ထပ်အအေးခန်းမှအသားငါးများကိုထုတ်လိုက်ပါ။သည်အတိုင်းဆက်မထားပါနှင့်။အအေးဓါတ်ပြယ်ပြီးပုပ်ကုန်တတ်သည်။
၂။ ခရီးရက်ရှည်ထွက်တော့မည်ဆိုလျှင်၃ပတ်အတွင်းပြန်ရောက်မည်ဆိုပါကရေခဲသေတ္တာကိုမပိတ်ဘဲသည်အတိုင်းထားခဲ့ပါ။သို့သော်အစားအသောက်များကိုတော့ကုန်အောင်သုံးခဲ့ပါ။
၃ ပတ်ထက်ကျော်ပြီးနေမည်ဆိုပါကရေခဲသေတ္တာအတွင်းရှိသမျှ အစားအသောက်အားလုံးကိုထုတ်ပါ။ရေခဲသေတ္တာကိုသန့်ရှင်းပါ။ခြောက်သွေ့အောင်လုပ်ပါ။ထို့နောက်မီးပါပိတ်ပြီးပလပ်ကိုချွတ်ထားလိုက်ပါ။
ဒါတွေသိထားဘို့လိုတယ်

၁။ ရေခဲသေတ္တာနံရံများပူနေခြင်းသည်ပုံမှန်ဖြစ်၏။စိတ်ပူစရာမလိုပါ။
၂။ မီးဖွင့်ထားပြီးကွန်ပရက်ဆာမောင်းနေလျှင်တုန်နေ၊ပူနေပါမည်။ဤသည်မှာလည်းပုံမှန်ဖြစ်သဖြင့်စိတ်ပူစရာမလိုပါ။
၃။ မီးပြတ်သွားပြီးမီးပြန်လာလျှင်ပုံမှန်အခြေအနေပြန်ရောက်ရန် (ရေခဲသေတ္တာလိုသည့်အပူချိန်ရောက်ရန်)၉နာရီမှ၁၄နာရီခန့် ကြာပါလိမ့်မည်။
ချက်ခြင်းပြန်မအေးလာခဲ့သော်စိတ်မပူပါနှင့်။ရေခဲသေတ္တာကိုသာ တောက်လျှောက်ဖွင့်ထားပါ။
၄။ Frost Freeသို့မဟုတ် Self-defrosting ဟုရေးထားသောရေခဲသေတ္တာများသည်အပေါ်ထပ်၌ခဲလာမည့်ရေခဲများကို ၆နာရီမှ၈နာရီကြာတိုင်းသူ့ဟာသူပြန်အရည်ဖျော်ပေးသွားပါလိမ့်မည်။
သီးသန့်ရေခဲဖျော်ပေးရန်မလိုပါ။

၅။ ယခုခေတ်ရေခဲသေတ္တာများ၌အနံ့ဖျောက်ပေးသည့် Platinum Deodorzing device ပါတတ်ပါသည်။သို့ သော်အပြင်ကကြည့်၍မမြင်ရပါ။
ရေခဲသေတ္တာအတွင်းမှအသားငါးများ၏ညှီနံ့စသောမကောင်းသည့်အနံ့အသက်များကိုဖျောက်ပေးပါသည်။
၆။ အကယ်၍မိုးသည်းထန်စွာရွာနေခဲ့သော်၊သို့မဟုတ်ရေခဲ သေတ္တာထားသည့်ပတ်ဝန်းကျင်တွင်အဝတ်ရေစိုများလှန်းထား သော်ရေခဲသေတ္တာနံရံ၌ချွေးပြန်တတ်ပါသည်။
ဤသည်မှာဖန်ခွက်အတွင်းရေခဲထည့်ထားလျှင်ဖန်ခွက်နံရံ၌ ချွေးပြန်သကဲ့သို့ဖြစ်၏။ဤသည်မှာပုံမှန်ဖြစ်၍စိတ်ပူစရာမလိုပါ။
၇။ ရေခဲသေတ္တာအောက်တွင်အပေါ်ထပ်ရေခဲခန်းမှဖျော်ချလိုက်သည့်ရေသို့မဟုတ်ချွေးများကိုခံပေးသောချွေးခံခွက်ရှိပါသည်။ပုံမှန်အားဖြင့်ချွေးခံခွက်ကိုရေသွန်စရာမလိုပါ။
အငွေ့ပျံပြီးရေများခန်းသွားပါလိမ့်မည်။သို့သော်အချိန်ကြာလာသည့်အခါထိုခွက်ထဲ၌မှိုများပေါက်လာတတ်၊အနံ့အသက်များထွက်လာတတ်ပါသည်။ထိုကဲ့သို့မဖြစ်အောင်ခွက်ကိုပုံမှန်ဆေး ကြောပေးရန်လိုပါသည်။
၈။ ရေခဲသည်ရေခဲသေတ္တာထဲမှအနံ့အသက်များကိုစုပ်ယူနိုင်၏။ထို့ကြောင့်ရေခဲခွက်များနံနေတတ်ပါသည်။
ရေခဲခွက်များအနံ့အသက်ပျောက်အောင်၂လတစ်ကြိမ်၊၃လတစ်ကြိမ်ဆေးကြောပေးပါ။
ရေခဲသေတ္တာကိုသန့်ရှင်းရေးလုပ်ခြင်း

မှတ်ချက်။ ။တံခါးရွက်တွင်လေလုံအောင်ထိန်းပေးသောရာဘာလိုင်နာရှိသည်။ထိုလိုင်နာကိုမပေါက်ပြဲ၊မပျက်စီးစေရန်အထူးသတိပြုပါ။
ထိုလိုင်နာကွဲအက်၊ပျက်စီးပါကရေခဲသေတ္တာကောင်းကောင်းအေးတော့မည်မဟုတ်ပါ။
ဘာပြဿနာတက်နေသလဲ?
ရေခဲသေတ္တာလုံးဝအလုပ်မလုပ်တော့လျှင်(မအေးတော့လျှင်)အောက်ပါတို့ကိုစစ်ဆေးပါ။
၁။ ရေခဲသေတ္တာပလပ်ကိုသေသေချာချာထိုးထားရဲ့လား?
(ပလပ်မမိတမိဖြစ်နေရင်သေသေချာချာပြန်ထိုးပါ။)
၂။ ရေခဲသေတ္တာရဲ့မီးခလုတ်ဟာကောင်းသေးရဲ့လား?
(မီးခလုတ်ကောင်းမကောင်းကိုတခြားလျှပ်စစ်ပစ္စည်းတစ်ခုခု (ဥပမာ–မီးပူ၊ဆံပင်အခြောက်ခံစက်)စတာတွေသုံးပြီးစစ်ကြည့်နိုင်ပါတယ်။မကောင်းရင်ခလုတ်လဲပါ။)

၃။ ရေခဲသေတ္တာမီးလိုင်းက breaker ကျနေသလား။ Fuse (ဖျူ့စ်) ပြတ်နေသလား?
(Breaker ကျနေရင်ဘာကြောင့်ကျသလဲအကြောင်းရင်းကိုရှာပါ။နောက်ပြန်တင်ပါ။ဖျူ့စ်ပြတ်နေရင်တစ်နေရာရာမှာရှော့ဖြစ်နေသလားစစ်ဆေးပြီးအရွယ်တူဖျူ့စ်ကိုပြန်ဝယ်ထည့်ပါ။
ဖျူ့စ်ကိုမူလအရွယ်ထက်ပိုကြီးမထားပါနဲ့။ရေခဲသေတ္တာပျက်စီးတတ်ပါတယ်။ရေခဲသေတ္တာများအတွက်fuse ဟာ ၁၃ အမ်ပီယာ(13A)ဖျူ့စ်ဖြစ်ပါတယ်။)
၄။ ရေခဲသေတ္တာကဝိုင်ယာကြိုးကိုကြွက်တွေကိုက်ဖြတ်ထားလို့ ပြတ်နေသလား?
(ဝိုင်ယာကြိုးပြတ်တောက်ပျက်စီးနေရင်ကြိုးအသစ်နဲ့အစားထိုးပါ။ပြန်ဆက်ပြီးမသုံးပါနဲ့။)
ရေခဲသေတ္တာကောင်းကောင်းမအေးတော့လျှင်အောက်ပါတို့ကို စစ်ဆေးပါ။
၁။ ရေခဲသေတ္တာအတွင်းကအပူချိန်ထိန်းခလုတ်ဟာနံပါတ်(၁)ကိုရောက်နေသလား?
(ပုံမှန်ဆိုလျှင်ခလုတ်ကိုနံပါတ် ၃ မှာထားပါတယ်။နံပါတ် ၁ မှာဆိုအေးမှာမဟုတ်ပါ။နံပါတ် ၃ သို့ပြန်ပြောင်းပါ။)
၂။ ရေခဲသေတ္တာအနီးမှာအပူထုတ်တဲ့(မီးဖို၊နေရောင်တိုက်ရိုက်ထိုးကျနေခြင်း)အရာတွေရှိနေသလား?
(ရေခဲသေတ္တာနားမှာမီးဖို၊မီးပူစတာတွေရှိနေရင်ဝေးရာကို ရွှေ့ထားပါ။ရေခဲသေတ္တာကိုနေထိုးနေရင်နေမထိုးတဲ့နေရာကိုရွှေ့ပေးပါ။)
၃။ ရေခဲသေတ္တာတံခါးကိုသေသေချာချာပိတ်ထားရဲ့လား။တံခါးဟနေသလား?
(တံခါးမစေ့ရင်အအေးလျော့ပါတယ်။ရေခဲသေတ္တာတံခါးကိုပိတ်တဲ့အခါသေသေချာစေ့အောင်ပိတ်ဖို့လိုပါတယ်။)

၄။ရေခဲသေတ္တာရဲ့တံခါးကရာဘာလိုင်နာတွေပေါက်ကွဲပျက်စီးနေသလား?
(တံခါးကလိုင်နာတွေပေါက်ပြဲနေရင်အပြင်ကလေတွေဝင်နိုင်တာကြောင့်ကောင်းကောင်းအေးမှာမဟုတ်ပါ။ဆိုင်ပို့ပြီးလိုင်နာအသစ်ပြန်ထည့်ပါ။)
၅။ ရေခဲသေတ္တာတံခါးကိုအကြာကြီးဖွင့်ထားသလား?
(ရေခဲသေတ္တာတံခါးကိုပစ္စည်းယူပြီးတာနဲ့ချက်ခြင်းပြန်ပိတ်ဖို့လိုပါတယ်။အကြာကြီးဖွင့်မထားပါနဲ့။)
၆။ ရေခဲသေတ္တာထဲမှာပူနေသေးတဲ့အစားအစာတွေထည့်ထားသလား?
(ရေခဲသေတ္တာထဲမထည့်ခင်အစားအသောက်တွေကိုအရင်အအေးခံပါ။ပူနေတဲ့အစားအသောက်တွေရေခဲသေတ္တာထဲမထည့်ပါနဲ့။)
၇။ ရေခဲသေတ္တာထဲမှာထည့်ထားတဲ့ပစ္စည်းတွေအရမ်းများပြီးကျပ်သိပ်နေသလား?
(ရေခဲသေတ္တာထဲပစ္စည်းတွေထည့်တဲ့အခါစနစ်တကျထည့်ဘို့လိုပါတယ်။ပစ္စည်းတွေနဲ့ကျပ်သိပ်နေရင်လေကောင်းကောင်းမလှည့်ပတ်နိုင်လို့ကောင်းကောင်းအေးမှာမဟုတ်ပါ။)
၈။ ရေခဲသေတ္တာဟာနံရံနဲ့သိပ်ကပ်နေသလား?
(ရေခဲသေတ္တာကိုနံရံကနေအနည်းဆုံး၂လက်မခွာထားရပါမယ်။နံရံနဲ့သိပ်ကပ်လွန်းနေရင်ဒါမှမဟုတ်ရေခဲသေတ္တာနဲ့နံရံအကြားမှာပစ္စည်းတွေထည့်ထားရင်လေလှည့်ပတ်မှုမကောင်းလို့အေးမှာမဟုတ်ပါ။
ရေခဲသေတ္တာနဲ့နံရံအကြားမှာဘာပစ္စည်းမှမရှိပါစေနဲ့။
၉။ တကယ်လို့Damper controlပါခဲ့ရင် mid-position (အလယ်မှာ)ထားပေးပါ။
အောက်ထပ်ရေခဲသေတ္တာခန်းထဲကအစားအသောက်တွေအေးခဲနေလျှင်
အောက်ပါတို့ကိုစစ်ဆေးပါ။
၁။ ရေခဲသေတ္တာအတွင်းကအပူချိန်ထိန်းခလုတ်ဟာနံပါတ် (၅) ကိုရောက်နေသလား?
(နံပါတ်၅ဟာအမြင့်ဆုံးခလုတ်ဖြစ်လို့အရမ်းအေးပါတယ်။မလိုအပ်ရင်နံပါတ်၃မှာပဲထားပါ။)
၂။ ရေခဲသေတ္တာထဲမှာစွတ်စိုနေတဲ့အစားအစာတွေထည့်ထားသလား?
(အရမ်းစွတ်စိုနေတဲ့ဥပမာ –မျှစ်ချဉ်၊ချဉ်ဖတ်၊စိတ်ထားတဲ့ဖရဲသီးစတာတွေဟာရေငွေ့ကိုထုတ်ပြီးတခြားအစားအသောက်တွေကိုအေးခဲစေပါတယ်။
တကယ်လို့ဖရဲသီးစိတ်ထည့်ချင်တယ်ဆိုရင်ဒီအတိုင်းမထည့်ပါနဲ့။ wrapping plasticဆိုတဲ့အစားအသောက်တွေကိုပတ်တဲ့ပလတ်စတစ်အကြည်စပါးပါးကလေးရှိပါတယ်။အဲဒါနဲ့ပတ်ပြီးမှထည့်ပါ။)
ရေခဲသေတ္တာသည်တုန်ခါနေလျှင်၊အသံများထွက်နေလျှင်အောက်ပါတို့ကိုစစ်ဆေးပါ။
၁။ ရေခဲသေတ္တာထားတဲ့ကြမ်းပြင်ဟာမညီညာဘဲခြေထောက်တစ်ဖက်လွတ်နေသလား?
(ပထမ –ရေခဲသေတ္တာထားတဲ့ကြမ်းပြင်ဟာညီညာတဲ့ကြမ်းပြင်ဖြစ်ဖို့လိုပါတယ်။နောက်ပြီးရေခဲသေတ္တာရဲ့ခြေထောက်လေးချောင်းစလုံးကြမ်းပြင်နဲ့ထိနေရပါမယ်။ခြေထောက်တစ်ဖက်လွတ်နေရင်တစ်ခုခုနဲ့ခုပေးပါ။)
၂။ ရေခဲသေတ္တာနောက်၊အောက်ဘက်ကကွန်ပရက်ဆာဘက်မှာတစ်ခုခုဝင်နေသလား?
(အကြောင်းတစ်စုံတစ်ခုကြောင့်ကွန်ပရက်ဆာဘက်ကိုသတ္တုပစ္စည်းတစ်ခုခုဝင်နေရင်အသံတွေမြည်နေပါမယ်။အဲဒီအခါအဲဒီပစ္စည်းကိုရှာပြီးထုတ်ပစ်ပါ။)
၃။ ချွေးခံခွက်(drip tray)ချောင်နေရင်လဲအသံထွက်တတ်ပါတယ်။ပြန်ကျပ်ပေးပါ။
၄။ ရေခဲသေတ္တာနောက်၊အောက်ဖက်မှာကာထားတဲ့အကာတွေချောင်နေသလား။ပြန်ကျပ်ပေးပါ။
ရည်ညွှန်းကိုးကားစာအုပ်စာတမ်းများ

1. Samsung Refrigerator Owner’s Instructions
2. LG Refrigeator Service Manual
3. Toshiba Refrigerator Instruction Manual
4. Hot Point Larger Fridge User Manual
Credit: အေးငြိမ်း