ဒေါ်အောင်ဆန်းစုကြည်၏ အပါးတော်မြဲဦးစိုးဝင်း ရုတ်တရက်ကွယ်လွန်

ဒေါ်အောင်ဆန်းစုကြည်၏ အပါးတော်မြဲဦးစိုးဝင်း ရုတ်တရက်ကွယ်လွန်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပါးတော်မြဲအဖြစ် နှစ်ရှည်လများ တာဝန်ယူ ဆောင်ရွက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးစိုးဝင်းဟာ ဒီကနေ့ ညနေ ၃ နာရီခန့်က ရုတ်တရက် မူးလဲပြီး ကွယ်လွန်သွားခဲ့ပါတယ်။

ဦးစိုးဝင်း ကွယ်လွန်တာနဲ့ ပတ်သက်ပြီး နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမှာ မိတ်ဆွေတစ်ဦးဆီ အသွား လက်ဖက်ရည်ဆိုင်အရောက် ကားပေါ်ကအဆင်းမှာ ရုတ်တရက် မူးလဲတာဖြစ်ပြီး ဆေးရုံရောက်တဲ့အချိန် မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဦးစိုးဝင်းရဲ့ အနီးကပ်မိတ်ဆွေတစ်ဦးက One News ကို ပြောပါတယ်။

ဦးစိုးဝင်းဟာ ၈၈ အရေးတော်ပုံကစပြီး လုပ်သားများကောလိပ်ကနေ ပါဝင်ခဲ့တဲ့ သုံးရောင်ခြယ် အဖွဲ့ဝင်ဟောင်းတစ်ဦးပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်စောင့်ရှောက်နေခဲ့သူလည်း ဖြစ်ပါတယ်။

ဦးစိုးဝင်းဟာ အခုကွယ်လွန်ချိန်မှာ အသက် (၅၈) နှစ်အရွယ်ရှိပြီဖြစ်ပြီး ဇနီးနဲ့ သားနှစ်ဦး ကျန်ရစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာ နေထိုင်ကြပါတယ်။

ဓာတ်ပုံ – Soe Win (FB) Credit One News