ရေသန့်ဗူးတွေ ကားပေါ်မှာထားတဲ့အခါ သတိရှိပါ

ကားတွေ ဆီဖြည့်တဲ့အခါ အလကားပေးလေ့ရှိတဲ့ ရေသန့်ဘူးတွေကို အချို့ကားမောင်းတဲ့သူတွေက Cup Holder ထဲမထည့်ဘဲ ကားအထဲတစ်နေရာမှာ အလွယ်တကူ ထားတတ်ကြပါတယ်။ ဒီလိုအလွယ်တကူထားတာဟာ အလွန်ပင်အန္တရာယ်များတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ ဗန်းကပိ ကုန်တိုက်ကြီးမှာရှိတဲ့ ရှစ်ထပ်လောက်မြင့်တဲ့ ကားထားတဲ့နေရာကနေပြီး မနက်စောစောပိုင်း ကားလာထုတ်တဲ့ ဇနီးမောင်နှံနှစ်ဦးဟာ ကားနောက်ဆုတ်ရင်းနဲ့ အရှိန်မထိန်းနိုင်ဖြစ်ပြီး ၈ ထပ် ကနေအောက်ကို ဇောက်ထိုး ကျသွားခဲ့ရာ ကားမောင်းသူ သေဆုံးသွားခဲ့ပါတယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းအရင်းဇစ်မြစ်ကို စစ်ဆေးလိုက်တဲ့အခါမှာတော့ –

နောက်ဆုတ်တဲ့အချိန် ဘရိတ်နင်းတဲ့နေရာမှာ ရေသန့်ဘူးက ညပ်နေတဲ့အတွက် ရပ်လို့မရတော့ဘဲ အရှိန်နဲ့တိုက်ပေါ်ကနေ ထိုးကျသွားခဲ့တာဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ရေသန့်ဘူး အချိုရည်ဘူး နဲ့ တစ်ရှူးစက္ကူဘူး တွေဟာ ကားရဲ့ ဘယ်နေရာထားပါစေ အရှိန်နဲ့လိမ့်ပြီး ကားမောင်းတဲ့ နေရာကိုရောက်သွားခဲ့ရင် လီဗာ/ဘရိတ်တံ တွေကြားမှာ ရောက်သွားတတ်ပါတယ်။

ဒါကို သတိမထားမိခဲ့ရင် အလွန်အန္တရာယ်များပါတယ်။ဒါကြောင့် ကားမောင်းသူတွေအနေနဲ့ မိမိကားကို မမောင်းခင်မှာ မောင်းခန်းထဲမှာ အောက်ခြေခုံကို အရာဝတ္တုတွေ တစ်ခုခုရှိနေမလားသေချာစွာစစ်ဆေးသင့်ပြီး၊ ရေသန့်ဘူးနဲ့ အခြားပစ္စည်းတွေကိုလည်း ကားပေါ်မှာအလွယ်တကူမတင်ထားသင့်ကြောင်း သတိပေးလိုက်ပါရစေ။

Credit ကားသတင်းစုံ